Thursday 21 July 2011

ဦးဥတ္တမ၏ နိုင်ငံရေးစစ်ဆင်ပုံ

လက်အောက်ခံ ဗမာတိုင်းရင်းသားများက မိမိတို့ ရသင့်ရထိုက်သော အခွင်အရေးအတွက် ဆူဆူပူပူ လုပ်လောလေ၊ အုပ်ချုပ်သူ လူမျိုးခြား အစိုးရ၏ ရာဇပလ္လင်မှာ လှုပ်ရှားလေလေ ဖြစ်လာတော့ရာ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်ကလည်း အတိုင်ပင်ခံအမတ်ကြီးများအဖြစ် ဦးဘိုးသာ၊ ဦးင်းနှင့် ဦးဘတူတို့ကို ခန့်ထားပြီးလျှင် အုပ်ချုပ်ရေး၏အသွင်ကို တမျိုးတဖုံပြောင်းလဲပြီး ဆူပူမှုများကို တတ်နိုင်သမျှသော နည်းပရိယာယ်တို့ဖြင့် ဖြိုခွင်းရန် အားထုတ်ကြိုးစားပြန်လေသည်။

ထိုအခါတွင် ၀ိုင်၊ အမ်၊ ဘီ၊ အေ အင်းချုပ်၏အတွင်း၌ ၁၉၁၉-ခုနျစ်မှစပြီး လူကြီးပိုင်းလူငယ်ပိုင်း ဟူ၍ ကွဲပြားခဲ့ရာ သူရိယသတင်းစာမှာ၊ လူငယ်ပိုင်းက အထူးပါဝင် လှုံ့ဆော်ပြီးလျှင် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိမ်းအဖွဲ့သည်ပင် လူကြီးတွေ၏သဘောကျ ရာသက်ပန် ဂေါပက လူကြီး ရွေးကောက်တင်မြှောက်ထားမည့်အစား (၅) နှစ်တစ်ကြိမ်ကျရွှေးကောက်တင်မြှောက်ခြင်းဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို လက်တွေ့ ကျင့်သုံးကြရန် နှိုးဆော်ပြီးသကာလ ဂေါပကလူကြီး တစ်နေရာလစ်လပ်သည်ကို ဘိလပ်မှပြန်လာကာစ ၀တ်လုံတော်ရ ဦးသိန်းမောင် (ယခုနိုင်ငံတော် တရားရေးဝန်ကြီးချုပ်) ကို ပထမဆုံးယှဉ်ပြိုင်အရွေးခံဖို့ လှုံ့ဆော်ပေးခဲံရာ တိုင်းသူပြည်သားတို့လည်း အတော်ပင်နားဝင်သဘောပေါက်ခဲ့သဖြင့် ဦးသိမ်းမောင်မှာ လူထုမဲဆန္ဒဖြင့် အရွေးခံရလေသည်။

၁၉၁၇-ခုနှစ်၊ အိန္ဒိယအတွင်းဝန်ကြီးချုပ်မွန်တေဂူ အိန္ဒိယသို့ ပြုပြင်ပြောင်းလဲသော အုပ်ချုပ်ရေးကို ပေးအပ်ရန်လာ၍ ပြန်သွားပြီးနောက် ဗမာပြည်မှစေလွှတ်သော အထူးသဖြင့် ၀ိုင်၊ အမ်၊ ဘီ၊ အေမှ စေလွှတ်သည်ဟုဆိုရသော ကိုယ်စားလှယ်တော်များ၏ တင်ပြပြောဆိုချက်များမှာ ခရီးမရောက်ရှိနေရသည့်အပြင် ၀ိုင်၊ အမ်၊ ဘီ၊ အေ အသင်းမှ ရေးဆွဲတင်ပြသော ဗမာပြည်အုပ်ချုပ်ရေးစည်းမျဉ်းနှင့် ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက် ရေးဆွဲတင်ပြထားသော စည်းမျဉ်းသည်လည်း ဘာတစ်ခုမှ ခရီးမရောက်ခဲ့ချေ။

ဗမာပြည်အား အိန္ဒိယလက်အောက်ခံ လက်ဖတင် နင်ဂါဝါနာ တဦး အုပ်ချုပ်နေရာမှ ဂါဝါနာဘုရင်ခံ အုပ်ချုပ်သော ပြည်နယ်တစ်ခုသာ ဖြစ်စေရမည်။

တရားစီရင်ရာ၌ ချိပကုတ်အစား ဟိုက်ကုတ်ရုံး ဖြစ်စေထိုက်သည်ဆိုသော အချက်နှစ်ချက်သာ ထူးခြားလာခဲ့လေသည်။

ထိုသို့ ဖြစ်ရာ ၀ိုင်၊ အမ်၊ ဘီ၊ အေအသင်းလူငယ်ပိုင်းက ဤမျှနှင့် ကျေနပ်နေကြရန်မဟုတ်။

ဘိလပ်ပါလီမန်သို့ရောက်အောင် ကိုယ်စားလှယ်များစေလွှတ်ပြီး တောင်းဆိုမည်ဟု ဆုံးဖြတ်ပြီးလျှင် ပထမအကြိမ် ဦးဘဖေ (သူရိယ)၊ ဦးပု (၀တ်လုံတော်ရ) နှင့် ဦးထွန်းရှိန်တို့ ကိုရွေးချယ်စေလွှတ်ကြသောအခါ တိုင်းပြည်တစ်ပြည်လုံးက သောင်းသောင်းဖြဖြ စရိတ်စက ၀ိုင်းဝန်းလှူဒါန်းကြလေသည်။

နောက်တစ်ကြိမ်၌ ၁၉၂၀- ခုနှစ်တွင် ဦးထွန်းရှိန် ကွယ်လွန်သွားသဖြင့် ဦးသိမ်းမောင်အား အစားထိုးပြီး စေလွှတ်ကြပြန်သည်။

ထိုသို့စေလွှတ်ကြရသဖြင့် ဗမာပြည်မှလိုလားသော (ဒိုမီနိယံဟုမ္မရူး) ကို အတိအကျရသည်ဟု မဆိုနိုင်သော်လည်း ၁၉၂၁-ခုနှစ် အိန္ဒိယပြည်အား (ဒိုင်းအာခီ) ခေါ်အစိုးရနှင့် ပြည်သူ့ကိုယ်စားလှယ်များ ထက်ဝတ်ဒီ အဏာယူ၍ အုပ်ချုပ်ရေးမျှ မပေးသေးဘဲ မစ္စတာဝှိုက် ကြီးမှူးသော ကော်မတီအဖွဲ့ တခုကို စုံစမ်းအစီရင်ခံရန် စေလွှတ်လိုက်လေသည်။

ဆရာတော်ဦးဥတ္တမကား ဗမာနိုင်ငံရေးတွင် ပါဝင်စွက်ဖက်ပြီးနောက် နိုင်ငံရေးအားဖြင့် လှုပ်ရှားမှူကလေးများ၏ အတွင်၌ မုန်တိုင်းဆင်၍ တိုက်သော နိုင်ငံရေးပရိယာယ်သဘောတရားကိုလည်း အထူးမှတ်သားဖို့ သင့်သဖြင့် အောက်တွင်ဖော်ပြလိုက်သည်။

နိုင်ငံရေးသည် အမှန်စင်စစ် စစ်ဆင်မှုတစ်ရပ်ပင်ဖြစ်ရာ ရာဇ၀င်၌ စန္ဒဂုတ်မင်း၏ စစ်ဆင်မှုသည် ဗဟိုစခန်းကို ဦးစွာတိုက်သဖြင့် အရေးမလှ မကြာခဏ ပျက်စီးဆုံးရှူံးရဖူး၏။

ထိုမှနောက်တွင် စနည်းတပေါင်နာစေရာ မုန့်သည်မသားသည် မုန့်အနားသားကိုမစားဘဲ ခလယ်သားကို စားသဖြင့် သဘောမျှ ၀မည်မဟုတ်၊ နင်မုန့်စားတာက စန္ဒဂုတ်မင်း စစ်တိုက်သလိုသာရှိသည်ဟု အမိကဆုံးမသော စကားကိုကြားရ၏။

ထိုမှနောက်တွင် တောစွန်ကျေးလက်ကစပြီး တိုက်ခိုက်သိမ်းယူသဖြင့် စန္ဒဂုဏ်မင်း စစ်နိုင်ဖူးသည့် ထုံးရှိသည်။

ထို့အတူ ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားကို ဟောရာပြောရာ၌ မြို့ကြီးပြကြီးများ၌ များစွာမဟောသေးဘဲ တောလက်ကျေးရွာကလေးများသို့ ပထမလျှောက်၍ ဟောပြောလျှက်သာ ရှိလေရာ ဒေးဒရဲအပိုင် ဆုကလပ်ရွာတွင် ၁၉၂၂- ခုနှစ်တွင် ဟောပြောသော တရားပွဲအတွက် ဖျာပုံအရေးပိုင်က တရားစွဲဆိုပြီးလျှင် ကျောင်းကုန်းမြို့၌ တရားဟောနေစဉ် ပုလိပ်များလာရောက် ဖမ်းဆီးသွားလေရာ သတင်းစာများ၌ ထူးခြားသော သတင်းတရပ်အဖြစ် ပါလာလေသည်။

ဗမာလူမျိုးတို့သည် နိုင်ငံရေးကို ဆောင်ရွက်လျှင် အဖမ်းခံရမည်။

ထောင်ကျခံရမည်။ ငါတို့လဲ ဒီလိုပင် အဖမ်းခံကြမည်။

ထောင်ကျခံတော့မည် ဟု စိတ်များတတ်ကြွပြီးလျှင် နိုးကြားလာကြလေသည်။ ထိုအခါ မနိုးကြားခဲ့လျှင် ယခုအခါ၌ လွတ်လပ်ရေး ဝေးပေသေးသည်။

သင်္ဃောတော်အရှင်မြတ်တို့လည်း မနေသာတော့ဘဲ ငါတို့လည်း ဦးဥတ္တမကဲ့သို့ပင် ဆောင်ရွက်ကြတော့မည်ဟု ရည်သန်ပြီးလျှင် သံဃသမဂ္ဂီဟူ၍ နိုင်ငံရေးအဓိကထားသော အဖွဲပေါင်း ၃၇-ဖွဲ့ တို့ကို ထိုနှစ်တွင် ဖွဲ့စည်းတည်ထောင်လာလေရာ ၎င်းအဖွဲ့များ၏ ဥက္ကဌအဖြစ် အလယ်တော ဆရာတော်၊ အကျိုးဆောင်အဖြစ် ရွှေကျင်တိုက် ဦးဓမ္မဓရ က ဆောင်ရွက်တော်မူကြလေသည်။

နောက် ဦးဓမ္မဓရ ပျံတော်မူ၍ ဦးဝေပုလ္လက ဆက်လက်ဆောင်ရွက်တော်မူသည်။

ဦးဝိသုဒ္ဓ၊ ဦးဝိစာရ (ထောင်ထဲတွင်အစာငတ်ခံ၍ ပျံတော်မူသော ဆရာတော်) နှင့် ဦးစန္ဒောဘာသ (ဗားကရားဆရာတော်) တို့လည်း နိုင်ငံရေးကို ဦးတိုက်ပြီး ဟောပြောဆောင်ရွက်တော်မူကြသည်။

၁၉၁၉-၁၉၂၀-၁၉၂၁- ခုနှစ် အထက်ပါ တရားစွဲဆိုသော အမှုအဖြစ်မီအတွင်း၌ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်နှင့် ကာလကတ္တားသို့ ကူချီပြန်ချီနှင့် နေထိုင်ခဲ့၏။

ထိုသို့ ကူးချီသန်းချီးနေခြင်းမှာလည်း နက်နဲသောရည်ရွယ်မှန်းထားချက်တခုဖြင့် ဖြစ်ကြောင်းကိုသိရပေသည်။

၁၉၂၀ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ဦးဥတ္တမသည် ကာလကတ္တားတွင် ရှိနေခဲ့၏။

ထိုနှစ်က ဦးဥတ္တမ၏ဦးရီးတော်တော်သူ စစတွေမြို့မှ ဦးချင့်ခိုင်နှင့်ဇနီးမစံလှဖြူတို့သည် မျက်စေ့ရောဂါ ကုသရန် ကာလကတ္တားသို့ ခေတ္တသွားကြသည်။

ထိုအခါတွင် ဦးဥတ္တမ၏ ညီကျော်ထွန်းအောင်သည်လည်း ပါသွားလျှက် ကာလကတ္တားမြို့ ရခိုင်ပွဲစားတစ်ဦး၏အိမ်တွင် တည်းခိုနေထိုင်ကြသည်။

တနေ့သောအခါ၌ ဆရာတော်ဦးဥတ္တမသည် ကြေးနန်းစာရွက်ကလေးတစ်ရွက်ကိုကိုင်ပြီး ပြုံးပြုံးရီရီနှင့် ပွဲစား အိမ်းသို့ ကြွာလာသည်။ ဒွေးတောတော်သူ မစံလှဖြူက “အလို၊ ဦးပဉ္ဖင်း ဒီတစ်ခါရီလိုမောလို့ ဘာများသဘောကျပြီး လာပြန်သလဲ” ဟု ဆီး၍ လျှောက်ထားသည်။

“ဒါယကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုကျုပ် သေပျော်ပြီးလို့ ၀မ်းသာအားရရှိတာနဲ့ ပြုံးလာတာဘဲ” ဟု အမိန့်ရှိလေသည်။

ဒွေးတော်က ဘာများဖြစ်လာသလဲမေးရာ ဦးဥတ္တမက “ငါတို့ ဗမာလူမျိုးတွေ လူနဲ့ သူနဲ့တူလာပြီး။ လူစိတ်ရှိလာကြပြီ။

ဒီလိုလူစိတ်ရှိလာလို့ ငါဝမ်းသာလာတာဘဲ” ဟုဆို၏။

“အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ် ရှိနေသလား ဘုရား”။

ဦးဥတ္တမက “ လူစိတ်ရှိတယ်ဆိုတာက ဒီလိုလေ လူဟာ လူအခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်။

ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး မရရအောင် ကြိုးစားတတ်ရင် ဒါဟာလူစိတ်ရှိတယ်လို့ ဦးပဉ္ဖင်း ဆိုလို တာဘဲ။

ဟော အခုရန်ကုန်မှာ ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ် ကျောင်းတွေက သင်ပေးတဲ့ ပညာကို မကျေနပ်လို့ သပိတ်မှောက်ကုန်ကြပြိးတဲံ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္ဖင်းထံက အကြံအဥာဏ်တွေ ယူချင်လို့ ဦးပဉ္ဖင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ ခုဘဲရတယ်။

ဗမာတွေဒီလိုစိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္ဖင်းကြိုးစားနေတာ အခုတော့ကြိုးစားရကျိုးနပ်ပြီ။

ဒါကြောင့် ဦးပဉ္ဖင်းသေပျော်ပါပြီးလို့ ပြောတာ” ဟုတ်ရှင်းလင်းပြတော့မှပင် ဒွေးတော် ဦးရီးတော်နှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ ၁၉၂၀-ခု၊ ဒီဇင်ဘာလ (၁၂၈၀-ခုတန်းဆောင်မုန်း လပြည့်ကျော် ၁၀-ရက်နေ့တွင်) မှောင်ခဲ့သည်။ ထိုသတင်းကြေးနန်းကိုရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မှီရာင်္ဘောနှင့် ကြွလာပြီး ၀ိုင်၊ အမ်၊ ဘီ၊ အေ ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီး အိန္ဒိယမှနည်းနာများကို ညွန်ပြရာ အမျိုးသားတို့၏ သခင်ပညာသင်ကြားရေးဟူသော အမျိုးသားကျောင်းများထူထောင်ဖို့ ဗမာလူမျိုးများ တဆင့်လှမ်းတတ် လာနိုင်ကြလေသည်။

ဦးဥတ္တမသည် ကာလာကတ္တား၌ နေစဉ်ကပင်လျှင် အိန္ဒိယကွန်ကရက်အဖွဲ့ကြီး၌ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ပြီး အိန္ဒိယတိုင်းသားတို့ ရှူးရှူးဒိုင်းဒိုင်း နိုးကြားလာကြသည် ကိုလည်း ကိုယ်တွေ့ပင်ဖြစ်ရုံမက အိန္ဒယနှင့်တွဲနေသော ဗမာပြည်မှာ အိန္ဒိယလွတ်လပ်လျှင် ဗမာပြည်လည်း လွတ်လပ်ရမည်ဟု ယုံကြည်စိတ်နျင့် နေရှင်နယ်ကွန်ကရက် ဟင်ဒူမဟာဆဗ္ဗစသော အသင်းတို့တွင် ပါဝင်၍ ဆောင်ရွက်တော်မူဆဲ ဗမာပြည်၏ အခွင့်အရေးကား တကယ်တမ်းကြုံကြိုက်လာခဲ့ရာ ဗမာပြည်တွင် ထောင်ကျခံ၍ ဆောင်ရွက်ခြင်းဖြင့် လူထုကိုတပ်လှန့်ပေးတော့မည်ဟု သံဒိဌာန်ချလာခဲ့ခြင်းဖြစ်သည်။

ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ထွက်သွားရမည်ဟူ၍ နှင်စာပေးပို့သည်ကအစ အင်္ဂလိပ်၏ တရားဥပဒေဟုဆိုသော ပိုက်ကွန်ကြီးကို တနေ့ဖောက်ခွဲပြီး ထောင်ထဲဝင်ရမည်ကို ယုံကြည်ပြီးဖြစ်ပေသည်။

သို့နှင့် ဆုကလပ်တွင် ဟောပြောခဲ့သော တရားကိုအကြောင်းပြုပြီး ဖမ်းဆီခြင်းကို ခံရလေ “ဦးဥတ္တမကို ဖမ်းပြီးဟေ့” ဆိုသော ဂယက်ရိုက်သွားရာမှအစ တပြည်လုံးတွင် သံင်္ဃသမဂ္ဂီအဖွဲ့တွေ မှိုကဲ့သို ပေါ်လာရုံမျှမကဘဲ အမျိုးသမီးအသင်း ကုမ္မာရအဖွဲ့တို့ သည်လည်း ထောင်နှင့်ရာနှင့်ချီ၍ မြို့တိုင်း အရပ်တိုင်း မှာလိုပင် ပေါ်ပေါက်လာခဲ့ရာ ရန်ကုန်မြို့ကမ်းနားဈေးမှ ဒေါ်ကြင်အိမ်နှင့် မလှခင်၊ ကြည့်မြင်တိုင်မှ ဒေါ်သက်စု၊ သိမ်ကြီးဈေးမှ ဒေါ်မမကြီးတို့က ကြိုးစားလာခဲ့ကြသည်။

ထိုကုမ္မာရိများအသင်းဖွဲ့၍ နိုင်ငံရေးကို ကြိုးစားလာခဲ့ကြသည်နှင့် အမျှ ရှေ့တန်းကနေပြီးလျှင်၊ ၀ှိုက်ကော်မတီ လာသောအခါ၌ ငါတို့ လိုတာက ဟုမ္မရူးပေးမှသာ ယူမည်ဟူသော အဓိပ္ပါယ်နှင့် သင်္ဘောတလျှောက်တွင် သပိတ်မှောက်အင်အားစုကြီးကို ထုတ်၍ ပြသနိုင်ခဲ့ကြလေသည်။

ဆုကလပ်တွင် ဟောသောတရားမှာ အစိုးရကို အကြည်အညိုပျက်စေသည် ဆိုပြီး ရာဇသတ် ပုဒ်မ ၁၂၄ (က) နှင့် စွဲဆိုရာ အမှုကို မအူပင်အရေးပိုင်ရုံးသို့ ပြောင်း၍ စစ်ဆေးသည်။

ဝိုင်၊ အမ်၊ ဘီ၊ အေမှ ခေါင်းဆောင်ကြီး ဦးစိန်လှအောင်က ဦးဥတ္တမဘက်မှ ရှေ့နေလိုက်ပါ ဆောင်ရွက်နေရာ သို့ဆောင်ရွက်နေရင်း ဦးစိန်လှအောင်မှာ ကာလ၀မ်းရောပါဖြင့် ကွယ်လွန်ရှာသည်။

ရန်ကုန်မြို့တွင် သင်္ဂြိုလ်ရာ ဦးထွန်းရှိန်၏ အသုဘမှာ ကဲ့သို့ပင် ဦးစိန်လှအောင်၏ အသုဘ၌လည်း ပရိတ်သတ်မှာ ကြောက်ခမန်းလိလိ များပြားခြင်းဖြင့် ဗမာတို့၏စည်းရုံးရေးမှာ အရှိန်ပြင်းစွာဖြင့် တိုးတက်လာကြောင်းကို အင်္ဂလိပ်တို့ သတိမမူဘဲ မနေနိုင်အောင်ရှိခဲ့လေသည်။

ဆာရယ်ဂျီနယ်ကရက်ဒေါက် ကြီးမှူးသော မြန်မာပြည်ရှိ အင်္ဂလိပ်အစိုးရသည် ဗမာပြည်အား အိန္ဒိယမှခွဲပြီး အိန္ဒိယအဆင့်အတန်းထက် အလွန်နိမ့်ကျသော ကိုယ်ပိုင်အုပ်ချုပ်ရေးမပါသည့် နည်းမျိုးကို ပေးထားရန် ရည်ရွယ်၏။

သို့သော်လည်း ၀ှိုက်ကော်မီတီပြန်သွားပြီးတဲ့နောက်တွင် အိန္ဒိယနှင့် တန်းတူဖြစ်သော ဒိုင်အာခီကိုပေးအပ်ရန် သဘောတူရလေသည်။

ဗမာနိုင်ငံရေးတိုးတက်မှုကား နှစ်ပေါင်း-၅၀ မျှ ဗမာထက် အရင်ကျသော အိန္ဒိယ၏ အဆင့်အတန်းနှင့်တန်းတူလောက် ခရီးရောက်ရသည်မှာ ဂုဏ်ယူစရာအချက်တရပ်ပင်။

ထိုအချိန်က ဂုဏ်ယူစရာဟူ၍ နိုင်ငံရေးသမားတိုင်း တဖွဖွပြောဆိုခဲ့ကြသည်။

ဤသို့ပြောရပြီး ချီးမွမ်းရသည်အထိ တိုးတက်သော နိုင်ငံရေးသည်ကား ဆရာတော်ဦးဥတ္တမ၏ ကျေးဇူးကြောင့်သာဟု ဖော်ပြခဲ့သော် အမှန်သာဖြစ်ရမည်။

ယနေ့ရရှိသော လွတ်လပ်ရေးသည်ပင် ဆရာတော်၏ ကျေးဇူးတရားမှ ပေါက်ဖွားလာခြင်းသာ ဖြစ်လေတော့သည်။

၁၉၃၉- ခု စက်တင်ဘာဘာလ ၁၀-ရက်တွင် ကျင်းပသော ဗမာပြည်ဥပဒေပြုလွှတ်တော်၌ မန္တလေးမြို့ အိန္ဒိယအမျိုးသားများ၏ ကိုယ်စားလှယ်အမတ် မစ္စတာ ဂန်ပါဆင်းက အောက်ပါအတိုင်းထုတ်ဖော်ပြောဆိုသည်ကို အမတ်အားလုံးကပင် သဘောကျထောက်ခံကြသည်။

“ ဆရာတော်ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသော နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သော ထိုစကားဟာ အပိုမပါသောစကားဖြစ်ပါတယ်။

သူဟာ ဗမာပြည်နိုင်ငံရေးကို အစပြုသော ပုဂ္ဂိုလ်ဖြစ်ပြီး ဗမာ့နိုင်ငံရေးတိုးတက်မှု ဟူသမျှဟာလဲ သူ့ကိုအကြောင်းပြုပြီးမှ ပေါ်လာတာဘဲဟု ကျွန်ုပ်က ထပ်မံပြောလိုပါတယ်။

ဆရာတော်ဦးဥတ္တမသည် တစ်ကြိမ်တည်းနှင့် ဤမျှအထိ နိုင်ငံရေးတိုးတတ်မှု ဆောင်ရွက်တော်မှူနိုင်ခြင်းကား အခါအခွင့် သင့်သောကာလ၌ မိမိ၏အသိဥာဏ်နှင့် အသက်ခန္ခာကို တိုင်းပြည်နှင့်အမျိုးသားအတွက် အသုံးချမည်ဟူသော ရည်ရွယ်ချက်တွင် နှစ်ပေါင်းများစွာက ကိုယ်တွေ့ဆည်းပူးခဲ့သော ပြည့်ဝသည့် အရပ်ရပ်ပညာများကို ပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်ပေသည်။

ပထမဦးစွာ ပြင်သစ်ပြည်သို့ ကြွခဲ့ခြင်း၊ ဒုတိယ ဂျပန်ပြည်သို့ ကြွတော်မှုခြင်းတို့မှာ အလွန်ပြည့်ဝသောအဓိပ္ပါယ်နှင့် စွန့်စားတော်မှုခြင်းများဖြစ်၍ ထိုစွန့်စားတော်မူရာမှ နိုင်ငံ၏ ရိုသေလေးစားမှုကို ခံယူတော်မူရပြန်ပါသည်။

သူ၏ဘ၀မှာ အမျိုးနှင့်တိုင်းပြည်အတွက် လေးနက်မှန်ကန်စွာ သူ၏ရည်ရွယ်ချက်အတိုင်း အသုံးချတော်မူနိုင်ခဲ့ပြီး။

ထိုသို့ မိမိကိုယ်ကို အနစ်နာခံခြင်းဖြင့် တိုင်းပြည်နှင့် အမျိုး၏အကျိုးကို ကျင့်သုံးဆောင်ရွက်တော်မူခဲ့သည်မှာလည်း ရှေးရှေးဘုရားလောင်း သူတော်ကောင်းတို့ ကျင့်ထုံးနှင့် ညီပါပေသည်။

ဆရာတော်၏ ယူဆဟောပြောတော်မူချက်အတိုင်း သူ၏ လူဖြစ်လာရသောဘ၀သည် အများ၏အကျိုးအတွက် မဟုတ်လျှင် တန်းဘိုးမရှိဟူသော အယူအဆ ၀ါဒအတိုင်း နှလုံးသွင်းနိုင်သောလူ၊ ရဟန်းပုဂ္ဂိုလ်အများကို လူတိုင်းကပင် လိုလားမည် ဖြစ်ပေးသည်။

နိုင်ငံရပ်ခြားသို့ သွားရာ၌ လိုအပ်သောစရိတ်စကရဖို့ကို သူသည် ဘယ်သူဌေးတဦးကိုမျှ အားကိုးအားထားမပြုဘဲ သူ့ကိုယ်သူ အားကိုးပြုခဲ့သည်ကို ကိုယ်တော်တိုင် ရေးသားဖေါ်ပြသော စကားက ထင်ရှားပြီးဖြစ်သည်။

ဤသို့ နိုင်ငံခြားတိုင်းပြည်များကို ထွက်ပုံထွက်နည်းမှာ လွယ်ကူသောကိစ္စမဟုတ်ပေး၊ အတော်ပင် လေးနက်သော အဓိပ္ပါယ်ကို ဆောင်ခဲ့ပေသည်။

ဗမာနှင့်အင်္ဂလိပ်တို့ သုံးကြိမ်သုံးခါ စစ်ဖြစ်ပွါးပြီး ၁၂၄၇-ခုနှစ် သီပေါဘုရင်နှင့် အထက်မြန်မာပြည်ကို မသိမ်းယူမှီ အင်္ဂလန်သို့ ရောက်ခဲ့ဖူးသော ကင်းဝန်မင်းကြီး အကြံဥာဏ်မှာ တော်တော်ပိပိပြားပြားရှိခဲ့သည်။

ထိုအကြံဥာဏ်မှာ ပညာရှိမှူးမတ်အချို့ကို ရွေးချယ်၍ ဥရောပတိုက် ပြင်သစ်ပြည်သို့ လွှတ်ခဲ့ပြီးလျှင် ပြင်သစ်နှင့် မဟာမိတ်ပြုလျှက် အင်ဒိုချိုင်းနားမှ အထက်ဗမာပြည် မန္တလေးအရောက် မီးရထားလမ်းဖောက်လုပ်ရန်၊ ထိုမီးရထားဖောက်လုပ်ပြီးလျှင် ပြင်သစ်ထံမှ လက်နက်ခဲယမ်းမီးကျောက်တို့ကို ၀ယ်ပြီး အောက်မြန်မာပြည်၌ရှိနေသော အင်္ဂလိပ်တို့ကို တိုက်ထုတ်ရန်ကြံစည်ခဲ့သည်။

ထိုသို့ကြံစည်လျက် သံတမန်းများစေလွတ်သည်ကို ရိပ်မိသော အင်္ဂလိပ်တို့က ဗမာပြည်အပေါ်မှာ တွင် ရန်စရှာပြီး အမြန်ဆုံး သိမ်းယူလိုက်တော့သည်။

ထိုအခါ ပြင်သစ်နှင့် အင်္ဂလိပ်တို့မှာ အရှေ့ဖျားတွင် ဦးအောင်နယ်ချဲ့လျက်ရှိကြရာ ယိုးဒယားပြည်ကလေးမှာ ပြင်သစ်က ကျူးကျော်လာသော် အင်္ဂလိပ်နှင့် အင်္ဂလိပ်ကကျူးကျော်လာသော် ပြင်သစ်နှင့် နီးရာပေါင်းပြေးကပ်နိုင်သည့်အတွက် အချောင်လွတ်လပ်နေခဲ့ရသည်ကို ဗမာမှူးကြီးမတ်ကြီး ပညာရှိကြီးများကလည်း နားလည်ပြီး ဖြစ်ကြသဖြင့် ထိုသို့ နီးရာကို ခိုလှုံကပ်ဖို့ ကြိုးစားကြသေးသည်။

သို့သော်လည်း အခွင့်မသာ အခါမသင့်ဖြစ်ခဲ့သဖြင့် ကျွန်တော်ဘူသို့ ရောက်ခဲ့ရလေသည်။

၁၉၁၄-ခုနှစ် ပထမကမ္ဘာစစ်ကြီးမဖြစ်မီ အင်္ဂလိပ်နှင့် နယ်ချဲ့ပြိုင်နေသူမှာ ပြင်သစ်တဦးသာဖြစ်ရာ ပြင်သစ်နှင့်ပူးပေါင်းခြင်းဖြင့် ဗမာ့လွတ်လပ်ရေး ရနိုင်မည်ဟု ယုံကြည်မူရှိသဖြင့် ဦးဥတ္တမသည် ပြင်သစ်သို့ ပထမသွားခြင်းဖြစ်သည်။

ထို့ နောက်တွင် ကမ္ဘာအရှေ့ဖျားမှ တောက်ပြောင်သောကြယ်နှင့် သဏ္ဍန်တူသော ဂျပန်ပြည်၏ သတင်းကိုကြားလိုက်ရသည်နှင့် တပြိုင်နက်ပြင်သစ်ထက် ဂျပန်ကိုပေါင်းရသော် ဗမာ့အရေးမှာ ပို၍ဟန်ကျစရာ ရှိသည်ဟု သဘောရပြီး ချက်ချင်းပင်လှည့်၍ ဂျပန်သို့ သွားခဲ့ပြန်သည်။

ဂျပန်ပြည်၏ အကျိုးစီးပွါးကို ဆောင်ရွက်ပေးသည့် သဘောဖြင့် ဂျပန်အား ကမ္ဘာ့အရှေ့ဖျားဒေသဆိုင်ရာ လူမျိုးများ၏တွင်လပ်ရေး၊ ကြီးပွါးတိုးတက်ရေး မရှိဘဲ ဂျပန်သည် တာရှည်သဖြင့် ထည်းထည်းကြီးနေနိုင်မည် မဟုတ်ဟူ၍ တတ်နိုင်သမျှဝါဒဖြန့်ခဲ့ကြောင့် ဘာရိုဒါ စော်ဘွားဧည့်ခံပွဲတွင် ပွင့်ပွင့်လင်းလင်းပင် မိန့်ကြားခဲ့လေသည်။

မီးစင်ကြည့်၍ကရသော နိုင်ငံရေးတွင် ထိုကဲ့သို့ ပရိယာယ်ေ၀၀ုစ်ကိုမသုံးဘဲနှင့် ဘယ်သို့မျှမဖြစ်နိုင်ပေ။

ဆရာတော်သည် ၁၂၈၃-ခု မအူပင်ထောင်၌ ထောင်ဒဏ် ၄-နှစ်ကျောင်ကျောင်တွင် လွတ်လာခဲ့ရာ အစိုးရတို့က ရန်ကုန်သို့ရောက်အောင် ကောင်းစွာပို့ပေးကြပြီးလျှင် ထိုအခါမှစ၍ ဆရာတော်ဦးဥတ္တမအား ပြည်သူလူထုက အထူးသဖြင့် လိုလားတောင့်တလာခဲ့ရာ ရန်ကုန်မြို့တွင် ဦးဥတ္တမတရားဟောသည့် နေရာတိုင်း၌ ရဟန်းရှင်လူနှင့် မယ်သီလရှင်များကအစ ကြိတ်ကြိတ်တိုးမျှ စည်ကားသည်ကိုတွေ့ရသည်။

မိန့်ခွန်းရှည်များပြောသင့်သောအခါ၌ ဆရာတော်သည် စာရွက်နှင့် အတိအကျ ရေးသားဖတ်ပြပြီးလျှင် အဓိပ္ပါယ်ကျယ်ဝန်းသော စကားရပ်များ၌ မိမိလိုရာ အဓိပ္ပါယ်ကို ဆွဲဆောင်၍ ရှင်းပြတတ်၏။

တခါက ဗိုလ်တထောင်ဘုရားဝင်းအတွင်း ဟောပြောရာ၌ ထောင်ထဲ၌ အစိုးရအပြစ်ဒါဏ်ကို ကျခံရစဉ်ကကဲ့သို့ သင်္ကန်းကိုချွတ်ပြီး ထောင်ဝတ်ထောင်စားနှင့် တတ်ပြသည်။ ထိုသို့ပြသဖြင့်၎င်း၊ ဟောကြားသော တရားတော်၏ အဓိပ္ပါယ်အားဖြင့်၎င်း အင်္ဂလိပ်အစိုးရတို့သည် ဗမာလူထုအပေါ်၌ မေတ္တာစေတနာ ထားနေကြသည် မဟုတ်ကြောင်းကို ကွင်းကွင်းကွက်ကွက် ဆွဲကိုင်ပြတော်မူသည်။

ဗမာအချင်းချင်းရိုင်းပင်းရန် အဦးထား၍ ၀ံသာနုရက္ခိတ တရားသာ ဟောတော်မူသည်။ “မိန်းမတွေဟာ မင်းကတော်စိုးကတော ဖြစ်ဖို့ လောက်ကိုသာ မှန်းပြီး ဂုဏ်ပြိုင်နေကြတယ်။

ဒီလိုမိန်းမတွေ စည်းမစောင့်ကြလို့ ဗမာဟာ ကျွန်သက်ရှည်နေတာ။

ဘုန်းကြီးတွေကတော့ ဆွမ်းခံရင်ဗမာအိမ်မှာ ခံတယ်။

ဝယ်တော့ ရိုးတိုက်မှာ သွားဝယ်တယ်။ ငါမအူပင်ထောင်ကျတာဟာ (၏) ဆိုတဲ့ စကားလေး တလုံးပါမသွားလို့ ထောင်ကျတာဘဲ။ ငါမပြောတယ်။

ဗမာတွေဟာ အရေးပိုင်ဆိုင်ရင် သိပ်ကြောက်၊ ၀န်ထောက်မြို့အုပ်ဆိုလဲ ကြောက်နေကြတာဘဲ။

ဘာတခုမှ မဟုတ်တာ မမှန်တာ လုပ်နေလို့ ပြန်မပြောဝံ့ကြဘူးနော်။

ခွေးလောက်မှ မလိမ္မာဘူး။
မင်းတို့ အိမ်မှာ မွေးထားတဲ့ ခွေးဝဲစားဘဲဖြစ်ဖြစ် အရေးပိုင်က သူ့ကိုခွေးလို့ ပြောရမလားဆိုပြီး တရားစွဲတာဘဲ။

အရေးပိုင်၏ခွေးလို့ ပြောရမဲ့ဟာ ငါက အရေးပိုင်ခွေးလို့ ပြောလိုက်မိတာကိုး။